လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Wednesday, January 2, 2013

ခရစ္စမတ်တေးသံတွေတိတ် ဗုံးသံတွေကြောင့် စိုးထိတ်နေသော ကချင်မြေ



တစ်နှစ်နှင့် ခြောက်လကျော် ကြာမြင့်ခဲ့ပြီဖြစ်သော ကချင် စစ်ပွဲများမှာ ယခုအချိန်ထိ တိုက်ပွဲပေါင်း
၂၃၀၀ ကျော်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ဒဏ်ရာရ၊ သေဆုံးသူစာရင်းမှာ ထောင်ဂဏန်းခန့် ရှိလာပြီဖြစ်သည်

တောင်ကြားနယ်စပ်မြို့ လိုင်ဇာ၏ ခရစ္စမတ်မှာ သေနတ်သံများဖြင့် စတင်ခဲ့သည်။ သန်းခေါင်ယံအချိန်တွင်
တိတ်ဆိတ်သောညကို ဖြိုခွင်းလိုက်သည့် သေနတ်သံများက မြို့နှင့် ခုနစ်မိုင်သာကွာဝေးသည့် အလျှမ်းဘွမ်းတောင်ကုန်းမှဖြစ်သည်။

ခရစ်ယာန်ဘာသာဝင်များ အထွတ်အမြတ်ထားရာ ခရစ်တော်၏မွေးနေ့ကို ကြိုဆိုဂုဏ်ပြုသည့် ခရစ္စမတ်နေ့ ကူးပြောင်းချိန် သန်းခေါင်ယံတွင် မြန်မာနိုင်ငံအနှံ့၌ ခရစ္စမတ်တေးသံများ၊ ဆုတောင်းသံများ ညံနေသော်လည်း လိုင်ဇာမြို့တွင်တော့ သေနတ်သံများဖြင့်သာ စတင်ခဲ့သည်။

ကချင်ဘာသာဖြင့် ကဘူဂရာအီ ခရစ္စမတ်ဟု ပျော်ရွှင်စရာခရစ္စမတ်ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းထားသည့် အနီရောင်စာတန်းများ နေရာအနှံ့ ချိတ်ဆွဲထားသော လိုင်ဇာမြို့တွင် ခရစ္စမတ်နေ့၌ ၁၀၅ မမ၊ ၁၂၀ မမ အမြောက်ဆန်များ ကျသည့်အသံကို အကြိမ်ရေ ၅၀ ထက်မနည်း ကြားခဲ့ကြရသည်။

၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲထားခဲ့ရာမှ ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်တွင် ပြန်လည်စတင်လာသော ကချင်ပြည်နယ်တွင်း စစ်ပွဲများမှာ ယခုဆိုလျှင် တစ်နှစ်နှင့် ခြောက်လကြာမြင့်ခဲ့ပြီဖြစ်သည်။ ဒီဇင်ဘာလဆန်းမှစကာ အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော်တို့အကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့ရာ တစ်နေ့လျှင် တိုက်ပွဲအကြိမ်ရေ ပျမ်းမျှခုနစ်ကြိမ်ခန့်ဖြစ်ပွားနေပြီး လက်နက်ကြီးများ အမြောက်ဆန်များဖြင့် ခပ်စိပ်စိပ် ပစ်ခတ်နေသံများက ကချင်ပြည်နယ်လူထုကို အကြောက်ပိုစေခဲ့သည်။

တစ်နှစ်တာ မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲများကို နှစ်ကုန်ခါနီး စာရင်းချုပ်လျှင် ကချင်စစ်ပွဲများအရေးနှင့် ပတ်သက်ပါက အနုတ်လက္ခဏာ ပြလျက်ရှိသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ထိုးစစ်များရပ်တန့်ထားရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ စာပို့သည်ခဲ့သည်မှာ ယခုနှစ် ခရစ္စမတ်နေ့ဆိုလျှင် တစ်နှစ်ပြည့်မြောက်ကာ ၁၅ ရက်ပင်လွန်မြောက်ခဲ့လေပြီ ။ တိုက်ပွဲများ စတင်ချိန်မှ ခရစ္စမတ်နေ့အထိ အစိုးရတပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်တို့အကြား တိုက်ပွဲပေါင်း ၂၃၀၀ ကျော် ဆင်နွှဲခဲ့ပြီး ဖြစ်ကြောင်း ကေအိုင်အေဘက်မှပြောကြားသည်။

စစ်ရေးအရှိန်မြင့်ကာ ပြင်းထန်လာသော တိုက်ပွဲများကြောင့် ကေအိုင်အေဘက်မှ ဒဏ်ရာရ၊ သေဆုံးရဲဘော်စာရင်းမှာ ၃၀၀ နီးပါးအထိ မြင့်တက်လာနေကြောင်း ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်က ဆိုသည်။ အစိုးရတပ်မတော်ဘက်မှ ထိခိုက်ဒဏ်ရာရ၊ ကျဆုံးစာရင်းကို ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း ထို့ထက်များသော ကိန်းဂဏန်းရှိခဲ့ပြီဟု စစ်ရေးလေ့လာစောင့်ကြည့်သူများက ခန့်မှန်းကြသည်။ တိုက်ပွဲများကြား သေဆုံးမှုများတွင် နှစ်ဖက်တပ်သားများအပြင် မြေစာပင် အရပ်သားဒေသခံများလည်း ပါဝင်သည်။

ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ကြာဆုံး ပြည်တွင်းစစ်နှင့် အထိခိုက်အကျဆုံးများသော စစ်ပွဲများရှိသော နိုင်ငံအဖြစ် မြန်မာနိုင်ငံမှာ မှတ်တမ်းဝင်၍လာလေပြီ။

နိုင်ငံတော်သမ္မတဦးသိန်းစိန်က အောက်တိုဘာ ၂၁ ရက်တွင် နေပြည်တော်၌ ကျင်းပသည့် ပြည်တွင်းသတင်းထောက်များနှင့် ပထမဆုံး သတင်းစာရှင်းလင်းပွဲတွင် “ကေအိုင်အေစစ်သားတစ်ယောက် ဆုံးရှုံးသွားတာဟာ တိုင်းပြည်ရဲ့ဆုံးရှုံးမှုဖြစ်သလို ဗမာစစ်သားတစ်ယောက် ဆုံးရှုံးတာဟာလည်း တိုင်းပြည်ရဲ့ဆုံးရှုံးမှု ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

၁၉၆၁ ခုနှစ်က စတင်ကာတည်ထောင်ခဲ့သော ကချင်လွတ်လပ်ရေးတပ်မတော်(ကေအိုင်အေ)နှင့် အစိုးရတို့ ၁၉၉၄ ခုနှစ်
က အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးနိုင်ခဲ့သော်လည်း ၁၇ နှစ်ကြာပြီးနောက် တရုတ်နိုင်ငံနယ်စပ်တွင်ရှိသော တာပိန်ရေအားလျှပ်စစ် ထုတ်လုပ်ရေးအနီးရှိ ကေအိုင်အေတပ်များကို အစိုးရစစ်တပ်မှ စတင်ဝင်ရောက် တိုက်ခိုက်ရာမှ တိုက်ပွဲများ ပြန်လည်စတင်ခဲ့သည်။

တိုက်ပွဲများ ပြန်လည်စတင်ပြီး မကြာမီကတည်းကစ၍ အောက်တိုဘာလကုန်အထိ ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်ရေး သဘောတူညီမှုရရန် နှစ်ဖက်အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း ယနေ့အထိ မအောင်မြင်သေးဘဲ တိုက်ပွဲအကြိမ်ရေများသာ ပိုမိုတိုးပွားလာနေသည်။

ဆွေးနွေးရာတွင် မအောင်မြင်နိုင်သေးသည့် အဓိကအကြောင်းအရင်းမှာ အစိုးရဘက်မှ ဦးစွာအပစ်အခတ်ရပ်စဲလိုပြီး ကေအိုင်အိုဘက်မှ ကြိုတင်ကန့်သတ်မထားသော နိုင်ငံရေးဆွေးနွေးပွဲကို ဦးစွာဆွေးနွေးလိုကာ တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှု လျော့နည်းနေခြင်းဖြစ်သည်။ ထိုအချိန် ရှေ့တန်းရှိ နှစ်ဖက်တပ်များ ရှုပ်ထွေးပြီး တိုက်ပွဲများ မကြာခဏဖြစ်ပွား ရာမှ အခြေအနေပိုမိုတင်းမာလာခြင်းဖြစ်သည်။

ဧပြီလကတည်းက ပြန်လည်အရှိန်မြင့်လာကာ ဆက်တိုက်ဖြစ်ပွားခဲ့သော တိုက်ပွဲများမှာ စဲမသွားဘဲ တိုး၍သာလာသည်။ ဧပြီမှ ယနေ့အထိ တိုက်ပွဲပေါင်း ၁၀၀၀ ကျော် ဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာလတွင်တော့ အဆိုးဆုံးအခြေအနေသို့ ရောက်ရှိလာခဲ့သည်။

ထို့ကြောင့် ကချင်ပြည်နယ်သူ၊ သားများအတွက် ယခုနှစ် ဒီဇင်ဘာသည် မချိုသော ဒီဇင်ဘာအဖြစ် ကျန်ခဲ့လေပြီ ။

ထိုတိုက်ပွဲများကြောင့်ပင် ကချင်ပြည်နယ်အနှံ့တွင် စစ်ဘေးဒုက္ခသည်ပေါင်း တစ်သိန်းကျော်မှာ နေရပ်မှစွန့်ခွာကာ ထွက်ပြေး တိမ်းရှောင်နေကြရသည်။

ထိုတစ်သိန်းကျော်သော စစ်ဘေးဒုက္ခသည်များတွင် ပြီးခဲ့သောနှစ် အောက်တိုဘာလကမှ စစ်ပွဲကြောင့် ဒုက္ခိတဘ၀သို့ ရောက်ခဲ့ရသော လဖိုင်ဇော်ဆန်းတစ်ယောက်လည်း အပါအ၀င်ဖြစ်သည်။

ကေအိုင်အေရဲဘော် တစ်ယောက်ဖြစ်ခဲ့သော လဖိုင်ဇော်ဆန်းသည် အသက် ၃၄နှစ်အရွယ် ကလေးနှစ်ယောက်ဖခင် ဖြစ်ပြီး တိုက်ပွဲများပြင်းထန်ခဲ့သော နန့်ဆန်ယန်ဒေသအနီးတွင် မြေမြှုပ်မိုင်းနင်းမိရာမှ ဒူးဆစ်နေရာမှစကာ သူ၏ညာဘက် ခြေထောက်အောက်ပိုင်းတစ်ခုလုံး ဖြတ်တောက်ပစ်ခဲ့ရသည်။

ခြေထောက်တုတပ်ထားသော လဖိုင်ဇော်ဆန်းသည် နာမကျန်းဖြစ်နေသော ဇနီးသည်ကို အဖော်ပြုကာ ဂျယန်းဒုက္ခ သည်စခန်းတွင်းမှ ၀ါးတဲထဲတွင် သူတို့၏ ခရစ္စမတ်ချိန်ခါကို ကုန်ဆုံးနေရသည်။ ထိုနေ့မှာပင် ရဲဘော်ဘ၀က ခင်မင်လာပြီး သူကဲ့သို့ပင် မိုင်းထိထားသူတစ်ဦးလည်း တဲအတွင်းသို့ အလည်အပတ်
ရောက်နေသည်။ စစ်မှုထမ်းခဲ့ သူများဖြစ်ပြီး စစ်ရိပ်စစ်ကဲ ခတ်တတ်သူများဖြစ်သည့်အတွက် ရှိသည့် ဆန်နို့ဆီဘူးအနည်းငယ်နှင့် အ၀တ်အစားအချို့ ထုပ်ပိုးကာအသင့်ပြင်ထားရန် လဖိုင်ဇော်ဆန်းတို့မိသားစုကို ထိုဧည့်သည်က လာဆော်သြခြင်းဖြစ်သည်။

လဖိုင်ဇော်ဆန်းတို့ စစ်ဘေးခိုလှုံနေရာ ဂျယန်းစစ်ဘေးဒုက္ခသည်စခန်းမှာ လိုင်ဇာတစ်ဝိုက်တွင် အကြီးဆုံးနှင့် လူဦးရေအများဆုံးစခန်းဖြစ်ပြီး လူဦးရေခုနစ်ထောင်ကျော် နေထိုင်သည်။ လွန်ခဲ့သော တစ်ပတ်ကျော်က
စခန်းမှ နာရီဝက်ခန့်သွားလျှင်ရောက်သော လဂျားယန်တွင် တိုက်ပွဲသံများ ကြားပြီးကတည်းက တိုက်ပွဲများ ဒီဘက်သို့ ရောက်လာမည်ကို စိုးရိမ်ပူပန်ခဲ့ကြောင်း လာရောက်သတိပေးသည့် ဧည့်သည်ကပြောသည်။

သူတို့၏နှစ်တဲကျော်တွင်တော့ အဒေါ်ဖြစ်သူနှင့် တူမရှစ်တန်းကျောင်းသူတို့မှာလည်း မလှမ်းမကမ်းတွင် ကျင်းပနေသော စုပေါင်းခရစ္စမတ်ဆု တောင်းပွဲသို့ပင် မသွားနိုင်အား။ အထားမှားကာ ပျောက်နေသောမှတ်ပုံတင်ကို ရှိသမျှပစ္စည်းများအကြား မွှေနှောက်ရှာဖွေနေကြသည်။ မည်သည့်အတွက် ရှာဖွေနေကြသည်ကို မပြောကြသော်လည်း သူတို့၏စိုးရိမ်ပူပန်မှုက မျက်နှာပေါ်တွင် အထင်းသား။

တောင်ကုန်းငယ်တစ်ခုတွင် အတန်းလိုက်ဆောက်ထားသော သူတို့တဲများဆီသို့ တောင်ခြေယာယီဘုရားကျောင်းမှ ခရစ္စမတ် ဆုတောင်းတေးသံများ တစ်ချက် တစ်ချက် ပျံ့လွင့်လာသည်။

သူတို့နေထိုင်ရာ စခန်းတွင် လူဦးရေ၏ထက်ဝက်ကျော်မှာ ကလေးငယ်များဖြစ်သည်ဟု စခန်းတာဝန်ခံ ဦးနော်ဂျာက ပြောသည်။ ဂျယန်းစစ်ဘေးဒုက္ခသည် စခန်းမှာ လိုင်ဇာနှင့် ၇ မိုင်ကျော်သာ ကွာဝေးပြီး တရုတ်နိုင်ငံနှင့် ဂျယန်းတောင်ကျ ချောင်းတစ်ခုသာခြားသည်။

ဒီဇင်ဘာ ၂၄ ရက်ကတည်းက တင်းမာလာသော အခြေအနေများကြောင့် တရုတ်နိုင်ငံဘက်တွင် လက်နက်ကိုင် နယ်ခြားစောင့် လုံခြုံရေးရဲများ နေရာချထားပြီဖြစ်ကြောင်းလည်း နယ်စပ်ကို ဖြတ်ကာ လိုင်ဇာသို့ရောက်ရှိလာ သူတစ်ဦးကပြောသည်။

ဒီဇင်ဘာ ၄ ရက်မှစတင်ကာ စစ်လေယာဉ်များကို ယခင်က ရိက္ခာပို့၊ လူနာသယ်ရန်သာ အသုံးပြုခဲ့သော အစိုးရတပ်များက မီတွမ်တီဖိုးပီ အမျိုးအစား စစ်လေယာဉ်များဖြင့်ကေအိုင်အေတပ်စုစခန်းတစ်ခုကို ပစ်ခတ်ခဲ့ပြီးနောက် စစ်လေယာဉ်များကို တိုက်ပွဲများတွင် ဆက်တိုက်သုံးလာခြင်းက စစ်ဘေးဒုက္ခသည်များနှင့် ဒေသခံများကို ကြောက်ရွံ့တုန်လှုပ်စေခဲ့သည်။

“ဘယ်အချိန် လေယာဉ်နဲ့ စခန်းကို လာပစ်မလဲဆိုတာပဲ စိုးရိမ်နေရတယ်” ဟု လိုင်ဇာမြို့ရှိ စစ်ဘေးဒုက္ခသည် သုံးထောင် ကျော်နေထိုင်လျက်ရှိသော ၀မ်ဂျိုင်ဒုက္ခသည်စခန်းမှ အသက်၅၀အရွယ် ကချင်အမျိုးသမီး ဒေါ်လုထယ်က ခရစ္စမတ်မတိုင်မီတစ်ရက်က ပြောကြားသည်။

စစ်ရေးတင်းမာမှုများမှာ ဒီဇင်ဘာလလယ်မှ အစပျိုးခဲ့ပြီး ဒီဇင်ဘာ ၂၃ရက်နေ့ နေ့စွဲဖြင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး လက်မှတ်ရေးထိုး ပေးပို့သော အုပ်ချုပ်ရေးကိစ္စများ ဆောင်ရွက်ရန် ဒီဇင်ဘာ၂၅ ရက်
နောက်ဆုံးထားကာ လဂျားယန်ရှိတပ်များ နောက်ဆုတ်ပေးရေး အကြောင်းကြားစာကြောင့် နှစ်ဖက်တင်းမာမှုများကို အထွတ်အထိပ်သို့ရောက်အောင် တွန်းပို့ပေးလိုက်သကဲ့သို့ ဖြစ်ခဲ့သည်။

ကေအိုင်အေဘက်မှ ထိုစာကို ရာဇသံပေးသည်ဟု ထင်မြင်ယူဆကာ ယင်းတို့၏တပ်များကို ဒီဇင်ဘာ ၂၄ ရက်မှ စကာ တပ်လှန့်ထားလိုက်ပြီး လိုင်ဇာမြို့တွင်လည်း လုံခြုံရေးအခြေအနေကြောင့် ည ၉ နာရီကျော်လျှင် ညမထွက်ရအမိန့်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။

ထိုစာမှာ တပ်များအရွှေ့အပြောင်းနှင့် တပ်လမ်းကြောင်းရှင်းရန်အတွက်ဖြစ်ကြောင်း အစိုးရဘက်မှ ပြောသည်။

ထိုနေ့ရက်များမှ စတင်ကာ ကေအိုင်အို ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာတစ်ဝိုက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်သံများ နေ့စဉ်၊ ညစဉ်လိုလို ကြားလာရသည်။လိုင်ဇာဒေသခံများ ဗုံးခိုကျင်းများတူးကာ ပြင်ဆင်ကြသည်။

“လက်နက်ကြီးနဲ့ပစ်သံတွေ ကြားနေရတာ သုံးရက်လောက်ရှိပြီ။ အရင်မကြားဖူးတော့ စိတ်ပူတယ်။ တစ်ခါတလေ မနက်မလင်းခင် ဘုန်းခနဲကြားပြီဆို ပြန်အိပ်မပျော်တော့ဘူး” ဟု လိုင်ဇာမြို့တွင် ထမင်းဆိုင်ဖွင့်လှစ် ရောင်းချနေသော အမျိုးသမီး တစ်ဦးက ဒီဇင်ဘာ ၂၆ ရက်ညတွင် သူ၏ စားသုံးသူများကို ပြောသည်။

ဒီဇင်ဘာ ၂၄ ရက်နေ့ကလည်း မြစ်ကြီးနားမြို့ကို အဓိက လျှပ်စစ်မီးပေးဝေနေသော မလိရေအားလျှပ်စစ် ထုတ်လုပ်ရေး စခန်းကို လေကြောင်းမှတိုက်ခိုက်ခဲ့မှုများကြောင့် လျှပ်စစ်တာဝါတိုင်များ ကျိုးပျက်ခဲ့ရပြီး မြစ်ကြီးနားမြို့တစ်မြို့လုံး လျှပ်စစ်မီးပြတ်တောက်မှုနှင့် ကြုံတွေ့ခဲ့ရသည်။

မြစ်ကြီးနားမြို့ ဒုက္ခသည်စခန်းများအများစုတွင်လည်း ခရစ္စမတ် အချိန်အခါကို အမှောင်ထုထဲမှာပင် ကုန်ဆုံးခဲ့ကြရသည်။

ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သော ဦးအောင်မင်းက ရန်ကုန်မြို့တွင် ကျင်းပသော ခရစ္စ မတ်ဆုတောင်းပွဲတစ်ခု၌ “သူတို့ (ကချင်ပြည်နယ်မှ စစ်ဘေးဒုက္ခသည်များ)တွေ နောင်နှစ် ခရစ္စမတ်ပွဲတော်ကို ငြိမ်းချမ်းစွာဆင်နွှဲနိုင်ဖို့ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိတယ်” ဟု ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၂၉ ရက်အထိ ရရှိသော သတင်းများအရ အစိုးရတပ်မတော်မှ အသုံးပြုလာသည်မှာ တစ်လနီးပါးရှိပြီဖြစ်သောာစစ်လေယာဉ်များမှာ လိုင်ဇာမြို့ အပေါ်မှပင် ဖြတ်၍ပျံသန်းခဲ့သဖြင့် ဒေသခံများနှင့် စစ်ဘေးရှောင်နေသော ဒုက္ခသည်များမှာ နေစရာမရှိအောင်ပင် ကြောက်ရွံ့နေကြသည်။

ဒီဇင်ဘာ ၂၇ ရက် နံနက်ကလည်း လဂျားယန်အနီး တွမ်ဖုန်းကျေးရွာတွင် အစိုးရစစ်တပ်မှ ပစ်လိုက်သော ၁၀၅ မမ အမြောက် ဆန်ထိမှန်သဖြင့် ဖရဲခင်းအတွင်း အလုပ်လုပ်နေသော ရွာသားတစ်ဦး ပွဲချင်းပြီးသေဆုံးကာ သုံးဦးမှာ ဒဏ်ရာအပြင်းအထန်ရခဲ့သည်။

ဒီဇင်ဘာ ၁၈ ရက်က ကာမိုင်း ရဲစခန်းအား ကေအိုင်အေ ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် သူနာပြု ဆရာမတစ်ဦးသေဆုံးခဲ့သည်။ ထိုသို့ တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်မှုများကြောင့် ပိုမိုနာကြည်းလာမှုကလည်း ပိုမိုတင်းမာလာစေသည်။

ထိုသို့ တိုက်ပွဲများအတွင်း ဒဏ်ရာရသူများကို မကြာခဏ လက်ခံဆေးကုသပေးနေရသော လိုင်ဇာဆေးရုံမှ ဆေးရုံအုပ်ကြီး ဦးတူးအောင်က စစ်၏အနိဋ္ဌာရုံကို ယခုကဲ့သို့မှတ်ချက်ပြုသည်။
“စစ်ဆိုတာ ကြာလေနာလေ၊ နာလေဆိုးလေ၊ ဆိုးလေပျက်လေပဲ”

စစ်ဘေးဒုက္ခသည်ပေါင်း သုံးထောင်ကျော်၏ နေ့စဉ်ဘ၀များကို စီမံနေရသည့် ၀မ်ဂျိုင် ဒုက္ခသည်စခန်း တာဝန်ခံက သူ၏စခန်းမှ အချို့သူများသည် သူတို့ရွာများ မီးရှို့ခံရပြီး တစ်နှစ်ကျော်ကြာ ကိုယ့်အိမ်ကိုယ့်ရွာတွင် မနေရဘဲ ခုနစ်ပေပတ်လည်သာသာ သုံးထပ်သားကာ အခန်းများတွင် ကျပ်ကျပ်တည်းတည်း နေရသည်မှာ အချိန်ကြာလာ သည်နှင့် ဒုက္ခသည်များစိတ်တွင် နာကြည်းချက်များ၊ မုန်းတီးမှုများနှင့် စိတ်ဒဏ်ရာများ ရလာကြသည်ဟုပြောသည်။

“ကျွန်တော် သူတို့ကို အမြဲပြောတယ်။ ငါတို့ ဗမာတွေနဲ့ တိုက်နေတာမဟုတ်ဘူး။ မူကိုမကြိုက်လို့တိုက်နေတာ။ အခုတိုက်တယ်ဆိုတာ လက်နက်နဲ့။ အောက်ပိုင်းက ဗမာတွေဆို လက်နက်မပါဘဲ တိုက်နေကြတာဆိုပြီး အဲဒီလိုမျိုး ခဏခဏပြောတယ်” ဟု အသက် ၄၀ အရွယ် စခန်းတာဝန်ခံ ဦးဇော်မိုင်က ပြောသည်။

စစ်ပွဲများ ကာလကြာလာသည်နှင့်အမျှ စောင့်ကြည့်လေ့လာနေသူများ စိုးရိမ်ပူပန်နေသည်မှာ လူမျိုးရေး မုန်းတီးမှုများ ဖြစ်လာမည်ကိုပင်။

“ကေအိုင်အိုကလည်း ဒီဟာကို (လူမျိုးရေးမုန်းတီးမှုဖြစ်လာမည်ကို) စိုးရိမ်တယ်။ ကျွန်တော်တို့ မလိုလားဘူး” ဟု ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်က လိုင်ဇာမြို့တွင် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

စစ်ပွဲများ အချိန်ကြာမြင့်လာသည်နှင့်အမျှ ပိုမိုဒုက္ခရောက်ကြရသူများမှာ သာမန်လူထုပင်ဖြစ်ကြောင်း ကချင်အရေးကို အနီးကပ်စောင့်ကြည့်နေသူတစ်ဦးဖြစ်သည့် မြန်မာ့တပ်မတော်တွင် တာဝန်ထမ်းခဲ့ဖူးသော ဦးအောင်ကျော်ဇောက မှတ်ချက်ပြုသည်။

“လိုင်ဇာကို ရတာထက် ပိုဆိုးလာမှာက ကချင်လူမျိုးတွေရဲ့ နာကြည်းမှုတွေပဲ” ဟု ၎င်းက ပြောသည်။ ကချင်အရေးမှာ အစိုးရအတွက် အရေးအတကြီး ဖြေရှင်းရန်လိုအပ်လာသည့် အရေးကိစ္စတစ်ခု ဖြစ်၍လာသည်။ ဖြေရှင်း ရမည့်နည်းလမ်းကို ရှာဖွေရန် ပြည်တွင်းမှရော ပြည်ပကပါ တိုက်တွန်းနေချိန်တွင် ကချင်ပြည်နယ်တွင်တော့ တိုက်ပွဲများ အခြေအနေက စိုးရိမ်ရေမှတ်ကို ရောက်ရှိနေလေပြီ။ လိုင်ဇာမြို့ မနောကွင်းအနီး ဈေးဖွင့်လှစ်ရန် ဆောက်ထားသော ဈေးရုံများအဖြစ်မှ စစ်ဘေးဒုက္ခသည်စခန်းအဖြစ် ၂၀၁၁ ခုနှစ် ဇွန်လကတည်းက အသွင်ပြောင်းသွားသော အမှတ်(၃) ဈေးဒုက္ခသည်စခန်းတွင် နေထိုင်နေသည့် မတ်တတ်ပြေးအရွယ်နှင့် သုံးနှစ်အရွယ်ကလေးနှစ်ဦး မိခင်မအာမီက သူမ၏ ခရစ္စမတ်ဆုတောင်းကို မျှဝေခဲ့သည်။

“ကျွန်မရဲ့ခရစ္စမတ်ဆုတောင်းကတော့ ကိုယ့်အိမ် ကိုယ့်ရွာမှာလွတ်လွတ်လပ်လပ် ပြန်နေပါရစေဆိုတဲ့ဆုပါ”။ ။

ရေးသားသူ- အေးမြကျော် - 7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...