လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Thursday, February 23, 2012

စစ်တပ်ကို စိတ်နဲ့တောင် မပစ်မှားနဲ့တဲ့ (ပြဇာတ်)

ပြောင်လျှာရှည်တို့ ကတဲ့ဇာတ်

တိန်ဗျောင် ... တိန်းဗျောင်း ... တိန်းဗျောင်း .... ဒိန်တိန်တိန် ဒိန်တိန်တိန်
ဇာတ်မင်းသားကိုတေဇ ။     ။ မင်္ဂလာရှိတဲ့ မေရီခရစ်စမတ်အကြို ဘားအံမြို့ရဲ့ ညချမ်းအချိန်ခါ သာမယမှာ သားလေတေတေ .... အခုလိုကပြ အသုံးတော်ခံခွင့်ရတာ အထူးပဲ ၀မ်းသာကြည်နူးမိပါတယ်။  ချစ်စွာသော ပရိသတ်အပေါင်း ကိုယ်စိတ်နှပါး ရွှင်လန်းကြပါစေ... လို့ ... အဝေရာဟောတု မေတ္တာပြုလိုက်ပါတယ် ...။
(ပွဲခွင် ပြောင်းသွားပါပြီ ဇာတ်ဆရာ ပွဲသွင်းကောင်းလို့ ဘားအံကို ရောက်သွားပါလေရဲ့ ပရိသတ်ကြီးရေ)

ရွာစားကျော်စိန် ပတ်ရှည်ကလဲ အင်ထရို စပါလေရော (ဒန်းဒန်းဒန်းဒန်း ..)

မင်းသားတေဇ ။     ။ " အဖြူရောင်မမ သိပ်လှနေတော့ ဒီကမင်းသား ချစ်မိတာပေါ့ ... "

မင်းသမီးများ ။     ။ " ချစ်မိတာပေါ့ .. ချစ်မိတာပေါ့ .."

မင်းသားတေဇ ။     ။ " အ၀ါရောင်မမ သိပ်လှနေတော့ ဒီက မင်းသား.. သား.. သား… "


လျှာရှည် ။     ။ " ဟိုး..ဟိုး..ဟိုး.. အ၀ါရောင် မရဘူး ပြောင်းဆို .. "

မင်းသားတေဇ ။     ။ " အောင်မလေး.. လေး ဆင်ဆာတွေက များလှချည်လား .. ပြောင်းဆို ဆိုလည်း ပြောင်းဆိုရမှာပေါ့လေ ... "

မင်းသားဆက်ဆို

" အညိုရောင်မမ သိပ်လှနေတော့ ဒီကတေတေ .. ချစ်မိတာပေါ့ "

မင်းသမီးများ ။     ။ " ချစ်မိတာပေါ့ ...  ချစ်မိတာပေါ့  "  (အောင်မာ...ဟန်ကိုကျနေရောဗျာ)

မင်းသားတေဇ ။     ။  " အနီရောင်မမ သိပ်လှနေတော့.. တော့တော့……. "

ပြောင်ရှည် ။     ။ " ဟိုးစတော့..၊ အနီရောင်ဆို ဘောသမားတောင် ပါမစ်မရဘူး..၊ အရောင်ပြောင်းဆို မင်းသားမပြောင်းရင် ပြောင်းပေးမဲ့ကောင်တွေ လာလိမ့်မယ် ... ပြောင်းဆို .. "

မင်းသားတေဇ ။     ။ "  အင်း... ခက်နေပြီ၊ လူပြည်ခဏ လူလုပ်ရ လူလုံးမလှငါ့ဘ၀..၊ အောင်မလေး..၊ သေတာမှ အေးပါရောလား ..၊ (တနယ် တနယ် တနယ် တနယ် ဗျောင်ဗျောင်) ပါမစ်တွေရယ်နော်ဗျာ ..၊ သူတကာလူငါ တ' ကြပေမဲ့ မပိုင်တဲ့ သူမှာနောဗျာ..(အသံရှည်) မဆိုင်တာတွေ ဂလိုင်ခေါက်ရတာမို့ ... ဆင်ဆာပုံတော်မှား .. ဆင်ဆာ ပုံတော်မှား မှား.. (အသံရှည်ဖြင့် မင်းသားငိုချင်းချ) တော်ပြီသား သားဆိုတော့ဘူး..၊ ကတော့ဘူး..၊ အင်္ကျီ ပြန်လဲတော့မယ် "  (ကမ္ဘာကျော်မင်းသား အင်္ကျီ ပြန်သွားလဲလေရဲ့ ...)

ဇာတ်စင် တဖက်တချက်ကနေပြီး လျှာရှည်နဲ့ ပြောင်ရှည်တို့ မျက်နှာချင်းဆိုင်ပြီး ထွက်လာကြ ....

လျှာရှည်လက်ထဲမှာ ငါးဆင့် ဆွမ်းချိုင့်ကြီးကို ကိုင်လာပြီး ... ပြောင်ရှည်ကတော့ ပေါက်တူးထမ်းထွက်လာလို့   ဇာတ်ခုံအလယ်တွင် ဆုံကြရာဝယ် ... ။

ပြောင်ရှည် ။     ။ " ဟေး.. ဖထီးနေကောင်းလားဝေး... "

လျှာရှည် ။     ။ " အေး.. နေကောင်းလဝေး..၊ ဒါနဲ့စောလအယ်ကြီးကော ဘယ်လိုလဲ ..၊ ဒီနှစ် တောင်ယာစိုက်ရတာ အဆင်ပြေလား ..၊ အခုမှ ပြန်ဆုံကြရတယ်ဝေး ... အခုပေါက်တူးကြီးနဲ့ ဘယ်ကိုသွားမလုပ်တုန်း ဝေး ... "

ပြောင်ရှည် ။     ။ " သိပ်အဆင်မပြေပါဘူးဝေး..၊ စီမံချက်နဲ့မီးရှို့တာလက်လွန်သွားတာ ယာခင်းတဲပါ ပြောင်ပါရောလား..၊  အခုရွာဦး ကျောင်းမှာသံဃာတွေ အစည်းအဝေး ရှိတယ်ဆိုလို့ ဝေး ... အဲဒီသွားမလို့ .. "

လျှာရှည် ။     ။ " သြော် ..၊ ဒီတခါအပြတ်ကို အစည်းအဝေး လုပ်ပြီဆိုတော့ အားတက်စရာပဲဝေး .. "

ပြောင်ရှည် ။     ။ " အင်း ...  ဆွမ်းစရိတ်မလောက်လို့ အစည်းအဝေး ပြန်ထိုင်တာဝေး..၊ လှူကြတမ်းကြအုံးဝေး ..၊  ငါတောင်အခု မျှစ် သွားတူးပြီး.. ဘုန်းကြီးကျောင်းကို လှူမလို့ဝေး .....၊  ဒါနဲ့ လက်ထဲက ဆွမ်းချိုင့်ကြီးက ကြီးပုံထောက်ရင် ရွာဦးကျောင်းဆွမ်းသွား ကပ်မလို့နဲ့ တူတယ်ဝေး ... "

လျှာရှည် ။     ။ " ဘုန်းကြီးကျောင်းက စွန့်ကြဲတာလေး သွားထည့်မလို့ဝေး... "

ပြောင်ရှည် ။     ။ " ဒါဆို .. ချမ်းသာလာတယ်ပေါ့ .. "

လျှာရှည် ။     ။ " နင့်ဘကြီး ချမ်းသာပါလာဝေး ..၊ စားစရာမရှိလို့ စွန့်တာလေး သွားတောင်းပါတယ်ဆိုမှ .. "

ပြောင်ရှည် ။     ။ " ဒါနဲ့ .. နင်မြို့ကို တက်ပြီး ရွာထွက်သီးနှံတွေ သွားရောင်းတာ မမြတ်ဘူးလားဝေ့..၊ အဲဒီက ပိုက်ဆံက အများကြီး ရတယ်ဆို .. "

လျှာရှည် ။   အေးမြတ်တယ်ဝေး..၊ မြို့အပြန် လမ်းမှာ ကြားဖြတ်အစိုးရနဲ့ တွေ့လို့ လှူလိုက်ရတယ်ဝေး .. "

ပြောင်ရှည် ။      ။ " သာဓု သာဓုပါဝေ့..၊ ဘယ်တုန်းက ကြားဖြတ်အစိုးရ ဖွဲ့လိုက်တာတုန်းဝေး  ... "

လျှာရှည် ။      ။ " လမ်းတလျှောက် စစ်ဆေးရေး ဂိတ်တွေက လမ်းပြင်ဖို့၊ တံတားပြင်ဖို့ အစိုးရအမိန့်အရ အလှူထည့်ရမယ် ဆိုပြီး..၊ ကြားက ဖြတ်ဖြတ်အုပ်လို့ ကြားဖြတ် အစိုးရလို့ ပြောတာဝေး... ပါသမျှကုန်ရောဝေး.. "

ပြောင်ရှည် ။     ။ " သြော် .. ဒါဆို လာလု… လာလု လို့ပဲခေါ်တော့မယ်ဝေး..၊ ဒါနဲ့ နင်မြို့တက်တာ တိုင်းရေးပြည်ရေး ဘာထူးတုန်းဝေး..၊ " (အော်ပြော)

လျှာရှည် ။     ။ " ဖြေးဖြေးပြောပါဝေး..၊ တော်ကြာ ၅ ညစာမိသွားမယ်ဝေး.."

ပြောင်ရှည် ။     ။ " အား.. ၅ ည ဆိုကြောက်တယ်ဝေး ..၊ အခုထိ ခေါင်းမှာဖုနေတုန်း .. "

လျှာရှည် ။      ။ " နင့်ခေါင်းက ဘာဖြစ်လို့ ဖုတာလဲ.. ဘယ်တုန်းက ပါသွားလို့လဲ .. "

ပြောင်ရှည် ။     ။ " မနေ့ညက ငါ့မိန်းမက ရှင်အိမ်မပြန်တာ ၅ ည ရှိပြီ၊ ဘယ်သဝေထိုးနေလဲ ဆိုပြီး စစ်လားဆေးလားနဲ့ သောက်ရမ်း လုပ်လိုက်တာ ခေါင်းမှာ ဖုပါရောလား .. "

လျှာရှည် ။     ။ " ဟ .. ငါပြောတာဒီ ၅ ည မဟုတ်ဘူးဝေး..၊  ဒီ ၅ ည က မင်းမိန်းမနဲ့ မင်းနဲ့ အိုကေရင် ကြိုက်တဲ့အချိန် ၀င်ထွက်လို့ရတယ် ဟို ၅ ည ကအ၀င်ပဲရှိတာ အထွက်က မရေရာတော့ဘူး.. ငါပြောတာ ပုဒ်မ ကို ပြောတာဝေး .. "

ပြောင်ရှည် ။     ။ " ပုဒ်မဆို စုန်းမထက် ဆိုးမှာပေါ့ ရွာနာတယ်ဝေး...၊ နှင်ထုတ်လိုက် "

လျှာရှည် ။     ။ " ဒီတောသားကလဲ..၊ ပုဒ်မ ဆိုတာ ရပ်ရွာ အေးချမ်းသာယာရေးနဲ့ တရား ဥပဒေ ဒေဒေ…. " (စကားတောင် မဆုံးလိုက်)

ပြောင်ရှည် ။     ။ " သိပြီဝေး...၊ နင်ပြောတာ ကာရာအိုကေ ဗီစီဒီ မှာ ပါနေတဲ့ဟာ မဟုတ်လားဝေး.. "

လျှာရှည် ။      ။ " အင်း.. အင်း..၊ အဲဒါမျိုး ဝေး... "

ပြောင်ရှည် ။      ။ "  အဲဒါများ ငါ့သားတောင် မနေ့က ပြောတယ်လဝေး ... "

လျှာရှည် ။     ။ " ဘာပြောတုန်း ဝေး..."

ပြောင်ရှည် ။     ။ " သူ့ဆရာမက ဟိုလက အဲဒါအော်ပြီး ဘော်လုံးကွင်းလိုက်ရင် ကြာဇံကျော် ကျွေးမယ်ဆိုလို့ လိုက်ရသေးတယ်တဲ့ဝေး.."

လျှာရှည် ။     ။ " ဒါဆို နင့်သားကြာဇံကျော် ၀ါးရတာပေါ့ဝေး.."

ပြောင်ရှည် ။     ။ " သိုးလို့ လွှတ်ပစ် လိုက်ရတယ်တဲ့ဝေး...၊  အဲဒါငါ့သားက ဆရာမကိုပြောတော့ သူ့ဆရာမက ပြောသေးတယ်တဲ့ဝေး.."

လျှာရှည် ။     ။  " ဘာပြောတုံးဝေး ... "

ပြောင်ရှည် ။     ။ "  စစ်တပ်ကိုစိတ်နဲ့တောင် မပြစ်မှားရဘူး၊ စစ်တပ်ဆိုတာ စည်းနဲ့ကမ်းနဲ့ လုပ်တာလို့ ဘယ်တော့မှ အသိုးမကျွေးဘူးလို့ ပြောတယ်တဲ့ ဝေး ... "

လျှာရှည် ။     ။ " အင်း.. ဒါလဲမှန်တာပဲဝေး ..၊ ညကတည်းက ကြော်ထားရတော့ နားလည်ပေးမှပေါ့ဝေး .. "

ပြောင်ရှည် ။     ။ " အခု အဲဒီဆရာမ ရွာမှာ မရှိတော့ဘူးဝေး...၊ ရှက်ပြီး ပြောင်းသွားပြီဝေး ... "

လျှာရှည် ။     ။ " ဘာဖြစ်လို့ ... "

ပြောင်ရှည် ။     ။ " သူတပည့်တွေကို ပြောခဲ့တာကတော့ တပ်မတော်ကို စိတ်နဲ့သွားပြစ်မှားလို့ ..၊ စည်းနဲ့ကမ်းနဲ့ လုပ်လိုက်တယ် ဆိုလားပဲ.."

လျှာရှည် ။     ။ " အင်းပေါ့ ရာထူးတက်ပြီး ပြောင်းသွားတယ် မှတ်ပဝေး ... "

ပြောင်ရှည် ။     ။ " သိဘူးလကွယ် .... "

လျှာရှည် ။     ။ " ကိုင်း... ကိုယ်တွေအလှည့် ပြီးသွားတော့ မင်းသားချောလေးနဲ့ မင်းသမီးကြီး ကြိုင်ကြိုင်ရှည်တို့ကို .. ပွဲပြန်ထုတ်ဦးမှ.. ၊ .. ကဲ ....  ခေါ်ဗျာ .. "

ပြောင်ရှည် ။     ။ " နှစ်ပါးမြိုင်ထ သားသည်အမေ မပါရ..၊ ကိုကိုတေလူချော အမေကြိုင်မနော..၊ ပွဲကတော် နွှဲပျော်ဖို့ ..၊ ကိုင်း... ရွာစား နှစ်ပါးခွင် ဆိုတာဖွင့် ..... "

မင်းသမီး ပြေးထွက်လာ ... " အားပေးကြပါအုံးရှင်.. ကျမကိုလေ အစ်ကိုကြီးတို့ရဲ့ မိမော်လွင် .. "  (ပြေးဆိုဆိုပြီး ထွက်လာ)

လျှာရှည် ။    ။ "ဟဲ့..ဟဲ့..  နင့်ကိုခေါ်တာ မဟုတ်ဘူး မင်းသားနဲ့ မင်းသမီး ကြိုင်ကြိုင်ရှည်ကို ခေါ်တာ.. စိတ်ညစ်ရပါလားနော် .... "

မင်းသမီး ။     ။ " ဘာမှန်းလဲမသိဘူး..၊  သူများက ၀င်ကူညီပေးရသေးတယ် ...၊ ဟွန်း ..... "

ပြောင်ရှည် ။     ။ " သြော် .. ခက်တာပဲ ဘယ်မှာလဲ မင်းသမီး ကြီးကြိုင်ကြိုင်ရှည်က .. "

မင်းသမီး ။     ။ " အဲဒါပေါ့သိလဲ သိပဲနဲ့ ...၊ ရှက်လဲ ရှက်ပါတယ် (သြော် .. အရေးထဲ သီချင်းပါဆိုပြီး ပြောလိုက်သေး) အမေကြိုင် .. ဒီညမကနိုင်တော့ဘူးရှင့် . "

လျှာရှည်+ပြောင်ရှည် ။     ။ " ဟိုက် !! .. ဘာဖြစ်လို့ .. "

မင်းသမီး ။     ။ " မင်းသမီးကြီးလေ..၊ သူက အသက်ကြီးပြီဆိုတော့ မင်းသမီးငယ်လေးတွေနဲ့ အပြိုင်ကျယ်နိုင်ဖို့ရယ်..၊  အသက် လည်း ပိုရှည်ဖို့ အတွက်ရယ်ဆိုပြီး..၊ သူ့ဗေဒင် ဆရာဟောတဲ့အတိုင်း မိမွေးတိုင်းဖမွေးတိုင်း မွေးကင်းစကလေးလို ရေချိုးခန်းထဲ ကဗျာလွတ် ကရမယ်ဆိုလို့ ကလိုက်တာ ချော်လဲပြီး ခြေကျိုးသွားလို့တဲ့ .. ရှင့် .. "

လျှာရှည်+ပြောင်ရှည် ။     ။ " တို့ဗေ .. တို့ပေ တို့ဗေတို့ပေ .. ဂျိမ်ဂျိမ်တပ်ဂျိမ်.. တပ်ဂျိမ်ထိ .. "

" ခြေလက်ခေါင်းခါးစည်းဝါးနရီ ပိုင်နိုင်ပေသည် ..
မိုးမလင်းမှီ ကြိုင်ကြိုင်ရှည်ရယ် .. ကကြိုးပျောက်မှာ စိုးမိသည် ..
ပရိသတ် လက်ခုပ်သံကြား ယစ်မူးလွန်မှားမှဖြင့် ..
ထိန်းမနိုင်သိန်းမနိုင် ယိမ်းယိုင်မလားကွယ် ..
အမောင်တွေးမချိသာပြီ ..
အသည်းတယားယား ရင်တလှပ်လှပ်နဲ့ပင် ..
မနောဓါတ်ဘ၀င်မှာ ကတုန်ကရီ ..
ရွှေပဒုံမ္မာကြာအချပ်ကို .. လေအဟုန်လာဟတ်သလိုဖြစ်ပြီ .. "

လျှာရှည်၊ ပြောင်ရှည်တို့ အဆိုကောင်းပုံများ မြန်မာပြည် သိန်းတန်တောင် ဖျားသွားလောက်တယ်ဗျ ....။

" ညကမ္ဘာလေးမှာ ပျော်စရာရွှင်စရာ အထူး သရုပ်ဆောင်သည် ..
လက်ခုပ်သြဘာ ဆူညံသံတွေ နဘံမိုးသို့ ညံစီ ..
ကပါကပါ ကြိုင်ကြိုင်ရေ မောင်တို့ ကြည့်နေသည် ..
သူ့အလှတောမှာ စုန်ချည်ဆံချည် ရင်မောလှပါသည် ..
ဒီဘ၀မှာ ၀ဋ်မလိုက်ရင်ဖြင့်
နောင်ဘ၀တော့  မလွဲနိုင် .. ငရဲရောက်မည် ………… ။ "

ရွှေပွဲလာဧည့်ပရိသတ်အပေါင်း ရန်ဘယာဘေး မှန်စွာဝေးကွာကြပါစေ .. "

ကိုပြောင်ရှည် ရေးသားတင်ဆက်သည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...