လူ့ဘ၀ခရီး ဟူသည် ခရောင်းလမ်းပမာ ကြမ်းတမ်းလှ၏
ဟုဆိုကြသည် ။ ဘ၀ခရီးလမ်း တစ်လျှောက်မှာ အခက်အခဲတွေ ၊ ဘေးဒုက္ခနှင့်
ကံဆိုးမိုးမှောင်မှုတွေ ကြုံရမည် ၊ နည်းနည်းပါးပါးကြုံသူရှိမည် ။
ဘေးဒုက္ခနှင့် ကင်းလွတ်သူဟူ၍ မရှိနိုင် ။ သည်လိုပင် ကျွန်တော်တို့
နားလည်ထားကြပါသည် ။ သို့သော် နားလည်ခြင်းက တစ်ကဏ္ဏဖြစ်၏ ။ကံကြမ္မာဆိုး
ဟူသည်ကိုကိုယ်တိုင် ရင်ဆိုင်တိုးရသောအခါ ၌ကား …..ပရိဟေတ - ချစ်သူနဲ့
ကွေကွင်းရခြင်း ဆင်းရဲတဲ့ ။ချစ်သောသူ တစ်စုံတစ်ယောက်မျက်စိအောက်မှ ရုတ်တရတ်
ကွယ်ပျောက်သွားတဲ့ အခါ ၊အချိန်မတန်မီမှာ နှုတ်ဆက်သတိ မပေးပဲ
ခွဲခွာပြေးသောအခါ ၊ နေ့လည်ကြောင် တောင်တောင် နေရောင်ကွယ် ပျောက်သလို
ကျွန်တော်တို့ ဘ၀ မှောင်အတိ ကျရသည် ။တစ်လောကလုံးမှာ ငါ့ဘ၀တစ်ယောက်တည်းသာ
ကွယ်၍ မှောင်မိုက်လေသည်လား ၊
လောကဓံသည် ငါ့ကိုသာ သဲသဲမဲမဲ ရိုက်ပုတ်လေသည်လား ။ ငါသာဒုက္ခသတ္တ၀ါ ၊ ငါ့ဘ၀ ခရီးသည်သာ ခရောင်းလမ်းခရီး ။ ကျွန်တော်တို့အာရုံတွေသည် ငါထဲကမထွက်နိုင်တော့သနားစရာငါထဲက မထွက်နိုင်တော့ ။ သနားစရာ `ငါ´ကလေးအတွက်ကျွန်တော် တို့ကြေကွဲ မဆုံးနိုင်တော့ပါ ။ စင်စစ် ကျွန်တော်တို့ ချည်းသာမဟုတ်ပါ ။ပတ်ဝန်းကျင်မှာကြည့်ပါ ။ ကြေကွဲသူတွေ ၊ ပရိဒေ၀တောက်လောင်သူတွေ ၊ နှလုံးသည်းပွတ်ကို ခွဲထုတ်ပေးလိုက်ရသလို ခံစားရသူတွေ ၊ ခံစားဖူးသူတွေ ။နံဘေးမှ ဖြတ်သန်းသွားသူတိုင်း ၏ မျက်နှာမှာ အလွမ်းဇတ်လမ်းကိုယ်စီ ရေးထားသည်ကိုမြင်ရလိမ့်မည် ။ လောကကြီးကား လွမ်းဆွတ်ကြေကွဲစရာတွေ ချည်းအစဉ်မပြတ်တွေ့ ရမည်လော ။ မဟုတ်ပါ ။ လောကဓံတရားဟုခေါ်သည့် လောက၌ အမြဲရှိနေ သော တရားရှစ်ပါး ရှိသည် ။ ပစ္စည်း ဥစ္စာ ရခြင်း မရခြင်း ၊ အခြံအရံ ရှိခြင်း မရှိခြင်း ၊ ကဲ့ရဲ့ ခံရခြင်း ၊ချီးမွမ်း ခံရခြင်း ၊ ချမ်းသာခြင်း ဆင်းရဲခြင်း ။ အကောင်းလေးပါး ၊ အဆိုးလေးပါး ။လောကဓမ္မတာတရားသည် အကောင်းအဆိုးမျှတသော သဘောရှိပါသည် ။ လောကလူသားမှန်သမျှ အကောင်းရော အဆိုးပါ ကြုံကြရမည်သာဖြစ်ပါသည် ။
မိမိတစ်ဦးတည်းမဟုတ် ။ ငါချစ်သော သူသာ သေသည် ၊ သူချစ်သောသူ မသေ ဟူ၍ မဟုတ်။ သေဆုံးသောသားအတွက် ပရိဒေ၀မီး တောက်လောင်သော ကိသာဂေါတမီ သည်လူမသေဖူးသောအိမ်မှ မုန်ညင်းစေ့ကို လိုက်ရှာရင်း လောကလူသားမှန် သမျှကြုံ့တွေ့ရမည့်ဓမ္မတာတရားကို သိမြင်ခဲ့သည် ။ ပတ်ဝန်းကျင်တစ်ခွင်လုံးမှာ ကြေကွဲဖူးသူ ၊ ပရိဒေ၀ တောက်လောင်ဖူးသူ ၊ နှလုံးသားဆုံးပါးသလို ခံစားဖူးသူချည်းပင် ။ သို့သောလောကကား မိမိချည်း တစ်ဖက်သက် ပေးရသောလောက မဟုတ် ။ ၀မ်းနည်းကြေကွဲ ရသလို ၀မ်းသာကြည်နူးခြင်း လည်း ရှိ၏ ။ ရင်ကွဲပတ်လက် ဖြစ်ရခြင်းရှိသလို ဟက်ဟက်ပက်ပက်ရယ်မောရခြင်းလည်းရှိ၏ ။ ဆင်းရဲခြင်းလည်းရှိသလို ချမ်းသာခြင်းလည်းရှိသည် ။ သေဆုံးခြင်းရှိသလို မွေးဖွားခြင်းလည်းရှိသည် ။
လောကဓံတရားများ ကြောင့် ဘ၀ဟူသည် ခရောင်းလမ်းပမာ ကြမ်းတမ်းသည်ဟုမြင်နိုင်ကြ၏ ။ သို့သော်လောက ဓံတရားများကြောင့်ပင် လောကဟူသည် ပျော်ပိုက်နေထိုင်စရာ ဖြစ်လာရပေသည် ။

No comments:
Post a Comment