၂၀၀၇ ခုနှစ် စက်တင်ဘာလ ရွေဝါရောင်တော်လှန်ရေးကြီးအပြီးမှာ
ထိုင်းမြန်မာနယ်စပ်ကို လူအတော်များများနဲ့ ဘုန်းကြီး အတော် များများ
ရောက်ရှိလာခဲ့ကြတယ်။ တကယ်တော်လှန်ရေးထဲမှာ ပါခဲ့တဲ့သူတွေရော၊ တကယ်ကံဆောင်
ဘုန်းကြီးတွေရော၊ တကယ် ကံဆောင်တဲ့ အထဲမှာ မပါဘဲ နယ်စပ်ကနေတဆင့်
နိုင်ငံခြားသွားချင်တဲ့ ဘုန်းကြီးတွေရော အမျိုးစုံရောက်ရှိလာကြတယ်။ အဲဒီ
အထဲက ဘုန်းကြီးတွေနဲ့ ပတ်သက်တဲ့ အမှတ်တရ ရှိမိတာလေးတွေ တချို့ကို
ပြန်ပြောပြချင်ပါတယ်။
အဲဒီမှာ တကယ်ကံဆောင်ဘုန်းကြီးလား၊ ကံမဆောင်ဘုန်းကြီးလား မသိတဲ့
ကိုယ်တော်တပါးရဲ့ အကြောင်းကိုပါ။ ဒီဘုန်းကြီးက စက်ရုံတခုမှာ အလုပ်လုပ်တဲ့
မြန်မာမလေးတယောက်နဲ့ တယ်လီဖုန်းထဲကနေ ချစ်သူတွေဖြစ်နေကြတယ်။ လူချင်းတော့
မတွေ့ ဖူးကြဘူးပေါ့။
အဲဒီလိုနဲ့ ၂ လ လောက်အကြာမှာ စက်ရုံထဲကလူတွေက ကောင်မလေးကိုပြောကြတယ်။“ကြည့်လည်းလုပ်ဦး နင့် ကိုကို ဆိုတဲ့ သူက ဘုန်းကြီးလို့ သူများတွေ ပြောနေကြတယ်”ပေါ့။
အဲဒါနဲ့ ကောင်မလေးကလည်း ဇဝေဇ၀ါဖြစ်သွားပြီး ည ရောက်တဲ့အခါ ထုံးစံအတိုင်း သူ့ကိုကို ဆီကို ဖုန်းဆက်ပြီးမေးတော့တာပဲ။
“ကိုကို ကိုကို့ကို သူများတွေကပြောနေကြတယ်၊ ကိုကိုကဘုန်းကြီး ဆို ဟုတ်သလား ကိုကို”လို့ မေးလိုက်တဲ့အခါ သူ့ရဲ့ကိုကို
ပြန်ဖြေလိုက်တာကတော့ -
ပြန်ဖြေလိုက်တာကတော့ -
“မဟုတ်ရပါဘူး ဒကာမလေးရယ်” တဲ့ ။
နောက်ထပ် ကိုယ်တော်တပါးနဲ့လည်း အွန်လိုင်းပေါ်မှာ အမှတ်တရ ဆုံခဲ့ပါသေးတယ်။
ဒီလိုနဲ့ တရက် အွန်လိုင်းတက် နေတုန်း ကျနော့်ရဲ့ ဂျီတော့ခ် မှာ တယောက်က
အင်ဗိုက်လာလုပ်ထားတယ်။ သူ့ နာမည် ကို ဖတ်လိုက်တော့“အပြာရောင်
ရူးသွပ်သူလေး”လို့ အဓိပ္ပာယ်ရတယ်။ နောက် တရက်မှာ အဲဒီ အပြာရောင်
ရူးသွပ်သူလေး နဲ့ ကျနော် လိုင်းပေါ်မှာတွေ့ကြပါတယ်။
သူက ဟိုင်း ဆိုတော့ ကိုယ်ကလည်း ဟိုင်းပေါ့။ သူက မြန်မာလို စရိုက်တယ်။
“အမေရိကမှာ အဆင်ပြေရဲ့လား၊ မဲဆောက်ကို ပြန်မလာတော့ဘူးလား”တဲ့။
ကျနော်ကလည်း “အင်း လာပါမယ်” ပေါ့။
စကားတွေကလည်း ဟိုရောက် ဒီရောက် စာရေးပြီး ပြောကြပေါ့။ ရုပ်ရှင်အကြောင်း၊
သီချင်းအကြောင်း၊ အံမယ် နိုင်ငံရေး ကိစ္စ တချို့တောင် နည်းနည်း
ပါလိုက်သေးတယ်။ အွန်လိုင်း ချက်တင် တို့ရဲ့ ထုံးစံအတိုင်းပေါ့။
ဒီလိုနဲ့ ၄ ရက်လောက်ရှိလာတဲ့အခါ ကိုယ်က အီစီကလီ စလုပ်တော့မယ်ဆိုပြီး -
“ညီမလေးက ဘယ်ကလဲ၊ မဲဆောက်ကပဲလား”လို့ စာရိုက်မေးလိုက်တဲ့အခါ ပြန်ရိုက်လာတဲ့စာက -
“ဒကာကြီး ထက်ရာဇာ၊ ဦးပဉ္ဇင်း ဦး—- ပါ၊ —— အဖွဲ့ကြီးကလေ၊ မှတ်မိရဲ့မဟုတ်လား”လို့ ပြန်ရိုက်လာတဲ့ စာကိုတွေ့ရတဲ့ အခါ -
“မှားပါတယ် ဦးပဉ္ဇင်း ရယ်”လို့သာ အသံမထွက်ဘဲ ပြောလိုက်မိပါတော့တယ်။
No comments:
Post a Comment